Thursday, October 8, 2009

ဝီထိစိတ်အစဉ်

ယခုလက်ရှိ ကမ္ဘာလောကကြီး၌ ဗုဒ္ဓဘာသာ ဟိန္ဒူဘာသာ ခရစ်ယာန်ဘာသာ မဟာမေဒင်ဘာသာဟု ဘာသာကြီး ၄ ရပ်ကို ကိုးကွယ်ကြသူ လူကြီးလူကောင်း သူတော်ကောင်းအခေါ်ခံသူတို့မှာ မိမိတို့ဘာသာ၏ သခင် (ဘာသာကိုစထွင်ခဲ့သော) ဗုဒ္ဓရှင်တော်ကိုညွှန်ပြဘို့ရန် တာဝန်ရှိကြသည့် အလျောက် မြားမြောင်လှစွာသော အခြားဘာသာဝင်လူကြီးလူကောင်းတို့သည်မိမိတို့ဘာသာ၏ သခင်ကိုထာဝရဘုရားရှင်ဟု ညွှန်ပြခဲ့ကြလေသည်။ ထိုဘုရားရှင်တို့ပညတ်အပ် ဟောပြအပ်သော တရားတို့၌ ဗုဒ္ဓဘာသာ၏ သခင် သဗ္ဗုညုဘုရားရှင်၏ တရားတော်များကဲ့သို့ ” စက္ခုဝိညာဉ် ဖြစ်ပြီးနောက် သမ္ပဋိစ္ဆိုန်းစိတ် ပေါ်လာသည် , သမ္ပဋိစ္ဆိုန်းနောက် သန္တီရဏ ပေါ်လာသည်”စသည်ဖြင့် သိမ်မွေ့သောစိတ်အစဉ်၏ အဖြစ်အပျက် အဆက်ဆက် နိယာမ ဓမ္မတာကိုလည်း ဖော်ပြခြင်းမရှိ၊ ”မည်သည့် မကျိုးတခု ဖြစ်ဘို့ရန် မည်မျှလောက်သော အကြောင်းအပေါင်းတို့က မည်ကဲ့သို့သောသတ္တိဖြင့်ပြုစီမံရသည်”ဟု ဟေတုအာရမဏ စသော ပစ္စည်းတရားတို့ကိုလည်းခွဲခြားချက်မရှိချေ။
အတိအလင်း ဘွင်းဘွင်းကြီး ရေးသားရမည်ဆိုသော် - ထို အခြားဘာသာတရားတို့၌ ဖဿ ဝေဒနာ သညာ စသော အဘောရိုးကလေးများ၏ နာမည်လောက်မျှ မတွေ့ရပေ၊ ယခုခေတ်၌ လောကဓာတ်ပညာလွန်စွာ ထွန်းကားလာစေကာမူ ထိုလောကဓာတ်ပညာဖြင့် (တိုက်ရိုက်မဟုတ်) မှန်းဆ၍သိရသော ဓာတ်မှုန့်ကလေးမှာ 'Atom' ခေါ် အနုမြူကလေးသာတည်း ၊ ထိုအနုမြူမှုန့်ကလေး၌ မည်သည့် ဓာတ်သဘောတွေစုနေသည် - ဟု သိဘို့ အရေးမှာ လောကဓာတ်ပညာ၏ အရာမဟုတ်တော့ပြီ ၊ သဗ္ဗုညုဘုရားရှင်ကား “ထိုအနုမြူထက်သေးသော ပရမာနုမြူမှုန့်ကလေး၌ ပထ၀ီ အာပေါ တေဇော ၀ါယော ၀ဏ္ဏ ဂန္ဓ ရသ သြဇာ ဟူသောရုပ်ပေါင်း ရှစ်ခု စုမိကာ အဟဇာတသတ္တီ အညမညသတ္တီ နိဿယသတ္တီ အတ္ထိသတ္တီ အ၀ိဂတသတ္တီ တို့ဖြင့် အပြန်အလှန် ကျေးဇူးပြုလျက် ရှိကြသည် ”ဟု တာဝတိံ သာနတ်ပြည်ဝယ် နတ် ဗြဟ္မာတို့အလယ်မှာလောကဓာတ်ပညာရပ်တို့ကို ကောင်းစွာ ပြသတော်မူခဲ့ပေသည်။
အချုပ်အားဖြင့်ကားထိုကဲ့သို့ဘာသာအမျိုးမျိုး ရောယှက် ရှုပ်ထွေးနေသော ကမ္ဘာကြီးတွင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ ဖြစ်လာရခြင်းသည် မိမိတို့အတွက် အလွန်ကံကောင်းလေစွ ၊ ထိုဗုဒ္ဓရှင်တော်မြတ်ရွှေနှုတ်တော်ထွက် တရားအချို့ကို (ပဋ္ဌာန်း သတိပဋ္ဌာန် ဓမ္မကြာ အနတ္တက္ခဏသုတ် မင်္ဂလသုတ် ပရိတော် စသည်ကို) မိမိတို့နုတ်တွင်းသို့ သွင်းကာသွင်းကာ ရွတ်ဆိုနေရခြင်းသည် မိမိအတွက်မှာမင်္ဂလာ ကြက်သရေရှိလေစွ၊ မြို့ရွာအူသံ မဆူညံဘဲ လူသံတိတ်ချိန်ဝယ် ဆိတ်ငြိမ်သော ကျောင်းကလေး၌ လေဧလေညှင်းတို့ တသင်းသင်းလာတုန်းမှာ တကမ္ဘာလုံး၏ ရုပ်နာမ်ဝီထိအစဉ်ကို ပဋ္ဌာန်းပစ္စည်းတင်၍ ဆင်ခြင်ကြည့်ရှုရသည့်အခါ မြဲသောအရာချမ်းသာအစစ် အနှစ်သာရ ဘာတခုမျှ ရှာမရဘဲ “ ဤအကြောင်းတရားကြောင့် ဤအကျိုးတရား ဖြစ်ရသည်။ ဤအကြောင်းတရား မရှိလျှင် ဤမကျိုးတရားလည်း မရှိတော့ပြီ”ဟုမိမိ၏ရုပ်နာမ်နှင့်တကွ ဟုတ်မှန်သောအချက်ကို နက်နက်နဲနဲ မြင်နိုင်သောကြောင့် ဗုဒ္ဓရှင်တောမြတ်တရားတော်များကို စဉ်းစားကြံစည်၍ နေရခြင်းသည် တကယ်တန်း နိဗ္ဗာန်လိုသူမှာ ချက်ခြင်း ရနိုင်ဘွယ်ရာ အကြောင်း - ဆုတမျိုးမျိုး မြှော်ကိုးသူတို့မှာ ပါရမီ ဓာတ်ခံ ရင့်သန်ဘွယ်ရာ အကြာင်းဖြစ်၍ သြော်...... အလွန်းအလွန်ကောင်းမြတ်ပေစွတကား။
ဤသို့လျှင် မိမိတို့မှာ ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်းက ပဌမအဆင့် ကံကားလှပြီ ဖြစ်၍ ဒုတိယတဆင့် တက်ကာ အခြားဘာသာ၌ မပါရှိသော အဘိဓမ္မာ ရုပ်နာမ်ဝီထိ အကြောင်းနှင့် ပဋ္ဌာန်း ပစ္စည်း ပစ္စယုပ္ပန်နည်းကိုအသီးသီး ခွဲခြားစိတ်ဖြာနိုင်ပါမူ လွန်စွာလွန်စွာ အကျိုးများဘွယ် ရှိလှသည်။

Tuesday, September 22, 2009

ဗုဒ္ဓဘာသာ (၅)မျိုး

ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်းမသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက“နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟုဟောတော်မူခဲ့ပါတယ်။အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့
(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ

(၁)ကုလ ဗုဒ္ဓဘာသာကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရားဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။တရားတော်ကိုဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့အလေးပြုနေမှန်းကို မသိတာ။လုပ်တော့လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။

(၂)လာဘ ဗုဒ္ဓဘာသာလာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ဒီဘဝစီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင်တော့လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိကစီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။အိမ်ခြံ ဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါးရွေးနေတာတွေ။ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင်ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ကိုးကွယ်တာကိုခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဒီဘုရား ကိုးကွယ်မှအသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော်ရှည်နေကြတာ ဘာလို့ပါလဲ။ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒ္ဓဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ(၃)မျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဟိုလူမပါ။ ဒီလူမပါ။ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်လုပ်နေတာတွေကို ဘုရားက သူတောင်းစားဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်းကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်းလောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်းဘာအတွက် ကျောင်းဆောက်နေတာလည်း။ စဉ်းစားပါ။ ဝေဖန်ပါ။ သုံသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာသဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။ သဒ္ဒါတရားဆိုတာယုံကြည်ချက်ပါ။ ဘုရား၊တရား၊သံဃာကိုတကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကိုသူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကိုဟောကြားတော်မူခဲ့ပါတယ်။ဒီတရားတော် အနက်တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာနိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အို ၊သေ၊နာ လွတ်ရာပါ။ အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ယုံကြည်ချက်ဟာ မှန်ကန်သော ယုံကြည်ချက်တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့တရားလမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ကျေဇူးပါ။ ဘုရားရှင်ဟောတော်မူသောဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေကဆောင်ထားတာပါ။ပိဋကသုံးပုံကို သံဃာတော်တွေက ***ရှောက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ဒါတွေကရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။ မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘပေါတယ်။အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာမိစ္ဆာသဒ္ဒါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှုဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာတရားကိုဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါတယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကိုဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာသစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာတရားတော်ကို ယုံကြည်တယ်။တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့အသေအချာသိပြီး ယုံတယ်။ထိုသိုသိတာကို ပညာ ဟုခေါ်ပါသည်။ သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ ပညာဓိကဗုဒ္ဓဘာသာပါ။ ဘုရားကမင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ ဒါကိုကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တော့သဒ္ဒါ၊ ဖြစ်ပျက်မြင်တာက ပညာ။ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။ သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှလွတ်မြောက်နိုင်၏။တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကိုဘယ်သူမှ ဝင်တားလို့ မရပါဘူး။သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိကနှင့် ပညာဓိက ဗုဒ္ဓဘာသာဖြစ်ပါသည်။သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင်(နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified,prayer,)အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာကဘယ်အရမဆို အစွန်းမရောက်စေဘို့ပါဘဲ။

Sunday, May 31, 2009

ဘုရားအဖြစ်တော်စဉ်

သူငယ်တန်း၌နည်းနည်းပါးပါးသိခဲ့ရသောဘုရားအကြောင်းကိုပို၍သိဖို့ရန် ထပ်မံသင်ပြစေရပါသည်။ ဤအတန်း၍လည်း ကလေးများစာမဖတ်တတ်သေးသောကြောင့်ပုံများကိုပြလျက်သင်သင့်ပါသည်။ လယ်တီဆရာတော်ဘုရား၏လင်္ကာများကို အသံနေအသံထားဖြင့် ချပေး၍, ထိုလင်္ကာအတိုင်း ပုံကိုပြ၍ပြောပါ။
(က) သုံးလူရှင်ပင် , ကျွန့်ထိပ်တင်, သောင်းခွင် စကြ၀ဠာ, နတ်ဗြဟ္မာတို့, ညီညာရုံးစု, တောင်းပန်မှုကြောင့်, ရတုနဂိုရ်, ရွှန်းရွှန်းစိုသည့်, ၀ါဆိုလပြည့် , ကြွက်မင်းနေ့ဝယ် ချမ်းမြေ့ကြည်ဖြူ , သန္ဓေယူသည်......နတ်လူငြိမ်းဖို့ ကိန်းပါကို။
(ခ) သန္ဓေယူကာ, ဆယ်လကြာသော်, မဟာသက္ကရာဇ်, ခြောက်ဆယ့်ရှစ်ကြုံ , ကဆုန်လပြည့်, သောကြာနေ့ဝယ်, ချမ်းမြေ့စုံညီ, လုမ္ဗီနီ၌, မဟီလိုက်ဆူ, ဖွားတော်မူသည်....နတ်လူအောင်မြို့ လမ်းပါကို ။
(ဂ) ဖွားမြင်မြောက်သော်, ဆယ့်ခြောက်နှစ်ရွယ်, ပျိုနုနယ်၌, သုံးသွယ်ရွှေနန်း , သိမ်းမြန်းပြီးလစ်, ဆယ့်သုံးနှစ်လျှင်, ဘုန်းသစ်လျှံလူ, စံတော်ယူ၍, ရွယ်မူနုဖြိုး, နှစ်ဆယ့်ကိုးဝယ်, လေးမျိုးနိမိတ်, နတ်ပြဟိတ်ကြောင့် , ရွှေစိတ်ငြင်ငြို, သံဝေပိုက , ၀ါဆိုလပြည့်, ကျားမင်းနေ့ဝယ်, ချမ်းမြေ့ရဂုံ, တောရပ်လှုံသည်....စုံမြိုင်ပင်ရိပ်ခန်းမှာကို။
(ဃ) တောရိပ်မြိုင်ပေါ်, ခြောက်နှစ်ပျော်၍, ခါတော်တစ်ဖုံ, ပွင့်ချိန်ကြုံက, ကဆုန်လပြည့်, ဆင်မင်းနေ့ဝယ်, မြေ့ပရမေ, ပလ္လင်ဘွေထက်, ရွှေညောင်ပင်ကြီး, ဗိတာန်ထီးနှင့် , မငြီးကြည်ဖြူ , နေတော်မူလျက်, ရန်သူခပင်း, အမိုက်သင်းကို, အရှင်းပယ်ဖျောက် , အလင်းပေါက်က, ထွန်းတောက်ဘုန်းတော်, သောင်းလုံးကျော်သည်, ..... သုံးဖော်လူတို့ငြိမ်းဘွယ်ကို။
(င) ဘုရားဖြစ်ခါ, မိပဒါသို့ , စကြာရွှေဖွား , ဖြန့်ချီသွား၍ , ငါးပါးဝဂ္ဂီ , စုံအညီနှင့် , မဟီတစ်သောင်း, တိုက်အပေါင်းမှ, ခညောင်းကပ်လာ , နတ်ဗြဟ္မာအား, ၀ါဆိုလပြည့်, စနေနေ့ဝယ်, ကြွေ့ကြွေ့လျှံတက်, ဓမ္မစက်ကို , မိန့်မြွက်ထွေပြား, ဟောဖော်ကြားသည်, တရားနတ်စည် ရွှန်းတယ်ကို။
(စ) တရားနတ်စည် , ဆော်ရွန်းလည်က, သုံးမည်ဘုံသိုက်, တစ်သောင်းတိုက်ဝယ်, ကျွတ်ထိုက်သသူ , နတ်လူဗြဟ္မာ , သတ္တ၀ါကို, ခေမာသောင်သို့ , ဖောင်ကူးတို့ဖြင့် , ဆောင်ပို့ပြီးကာ , ၀ါလေးဆယ်ငါး , သက်ကားရှစ်ဆယ်, စုံပြည့်ကြွယ်က , ရာလေးဆယ်ရှစ် , သက္ကရာဇ်ဝယ်, နတ်မလ္လာတိုင်း, စံနိုင်းမယုတ်, ကုဿိနာရုံ, အင်ကြင်းစုံ၌, ကဆုန်လပြည့်, အင်္ဂါနေ့ဝယ်, ချမ်းမြေ့နိဗ္ဗူ , စံတော်မူသည်.....၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။
(ဆ) နိဗ္ဗာန်စံပြီ, ရှုမအီသား, သိင်္ဂီ ရွှေလှော်, အလောင်းတော်ကို, ထိုရော်ကဆုန်, လဆုတ်ကြုံ၍, ဂဠုန်နေ့ဝယ်, ခိုးငွေ့မနှော်, ဓာတ်တေဇော်လျှင်, ရှင်စောဥာဏ်စက်, ဓိဋ္ဌာန်ချက်ဖြင့်,လျှံတက်ကော်ရော်,မီးပူဇော်သည်, မွေတော်ရှင်စိတ်ကြွင်းတယ်ကို။

ဓာတ်တော်ဝေပုံ
ဗုဒ္ဓမြတ်စွာ၏ အရိုးတော်များကို ဓာတ်သဘောများဖြစ်သောကြောင့် “ဓာတ်တော်” ဟုလည်းကောင်း၊ ဘုရားရှင်ကိုးကွယ်ဖို့ရာ အမွေပေးခဲ့သောကြောင့် “မွေတော်” ဟုလည်းကောင်း ခေါ်ကြ၏။ ထိုဓာတ်တော်များကိုရှင်ဘုရင်တို့၏ ဆရာဖြစ်ခဲ့ဖူးသော ဒေါဏ ပါမောက္ခကြီးသည် ရှစ်စုခွဲ၍ အဇာတသတ်မင်းစသော မင်းတို့အားဝေပေးလေသည်။

စေတီရုပ်ပွားတော်
ထိုသို့ ဓာတ်တော်ဝေရာမှ ရရှိသော ဓာတ်တော်များကိုရန်သူတို့ မဖျက်နိုင်အောင် စေတီတည်၍ ထိုစေတီအတွင်း၌ ဌာပနာသွင်းထားကာ, ထိုဘုရားရှင်၏ ရုပ်ပုံတော်ကိုကိုးကွယ်သူ လူအမျိုးမျိုးတို့က ပုံတူပြု၍ ကိုးကွယ်ကြ၏။ သို့သော် ရေးသူထုလုပ်သူတို့၏ လက်စွမ်း အားလျော်စွာ သပ္ပါယ်သောပုံတော်အမျိုးမျိုး ဖြစ်နေကြရပြန်၏။ စေတီတော် ရုပ်ထုတော်ကိုပူဇော်ရာ၌ သက်တော်ထင်ရှားရှိစဉ်က ဘုရားကိုရည်မှန်း၍ ရေချမ်း ပန်း ဆီမီး တို့ဖြင့် သန့်သန့်ရှင်းရှင်း ပူဇော်ကြမှသာ နောက်ဘ၀၌ စိတ်ရောကိုယ်ပါ သန့်သန့်ရှင်းရှင်း အကျိုးများရနိုင်ပါသည်။